မိမိရဲ့ အကြောင်းကိစ္စတွေအတွက် “ကိုယ်စားလှယ်” ကို “ပါဝါ” လွှဲပေးတာမျိုးဖြစ်ပါသည် ။ မိမိကိုယ်စား လက်မှတ်ရေးထိုးနိုင်သည့်အပြင် စာရင်းလည်းရှင်းပိုင်ခွင့်ရှိပါသည် ။ တရားစွဲလည်း ခံနိုင်ခွင့်ရှိပါသည် ။
( ပဋိညာဉ် ဥပဒေ ပုဒ်မ -၁၈၂-အရ )
SP ဆိုတာ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) အကြောင်းကိစ္စတစ်ခု၊နှစ်ခု စသည်ဖြင့် အကန့်သတ်ဖြင့် လွှဲပေးသည့် ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။
GP ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲစာ ( General Power ) မိမိကိုယ်စား “ပါဝါ” အကုန်ကို ကန့်သတ်ချက်မရှိ လွဲပေးလိုက်တဲ့ ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။
အရွယ်ရောက်ပြီး စိတ်ပေါ့သွပ်ခြင်းမရှိသူ မည်သူကိုမဆို လွှဲပေးနိုင်ပါသည်။
( ပဋိညာဉ် ဥပဒေ ပုဒ်မ -၁၈၃-၁၈၄- အရ)
မှတ်ပုံတင်ပြီး SP/GP တို့ကို ခိုင်လုံတဲ့ ခိုင်လုံတဲ့အကြောင်းမရှိပဲ ပြန်ရုပ်သိမ်းလို့ မရပါဘူး ။
( ပဋိညာဉ် ဥပဒေ ပုဒ်မ -၂၀၂-၂၀၅ အရ)
မိမိလွှဲပေးထားတဲ့ SP/GP သူများကို ထပ်လွှဲ၍မရပါ ။ သို့သော် မိမိရဲ့ ကုမ္ပဏီ ရုံး၀န်ထမ်းကို လွှဲနိုင်ပါသည် ။ မိမိက တာ၀န်ယူရပါသည် ။
( ပဋိညာဉ် ဥပဒေ ပုဒ်မ -၁၉၀-၁၉၁ အရ )
“လိုအပ်လျှင် ထပ်၍လွှဲနိုင်ပါသည်” လို့ SP ပေါ်မှာ ရေးပေးထားလျှင် ထပ်ပြီး လွှဲ၍ ရပါသည် ။
( ပဋိညာဉ် ဥပဒေ ပုဒ်မ -၁၉၄- အရ)
SP/GP တို့သည် ပြန်ရုပ်သိမ်းခြင်း ၊ ငြင်းပယ်ခြင်း ၊ ကိစ္စပြီးဆုံးခြင်း ၊ သေဆုံးခြင်း ၊ ရူးသွပ်ခြင်း နှင့် လူမွဲအဖြစ်ခံယူခြင်းတို့ဖြစ်မှသာလျှင် ပျက်ပြယ်ကြရပါသည် ။ SP/GP တွင် သက်တမ်းရယ်လို့ မရှိပါ ။
( ပဋိညာဉ် ဥပဒေ ပုဒ်မ -၂၀၁ အရ)
- စာရွက်စာတမ်းလည်း ပြည့်စုံရပါမည် ။
- ရောင်းချပိုင်ခွင့်လည်း ရှိရပါမည် ။
- မှတ်ပုံတင်စာချုပ်လည်း ချုပ်ပေးနိုင်ရပါမည် ။
( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ - ၅၅ မှ ကောက်နှုတ်ချက် )
တရားမမှု (သို့) ရာဇဝတ်မှု တစ်ခုခုမှာ ငြိစွန်းနေတဲ့ အိမ်နှင့်ခြံကို အမှုမပြီးမချင်း အမည်ပြောင်းလို့ မရပါ ။
( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ - ၅၂ )
မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သောကြောင့် ‘၀ယ်သူ’ က ငွေပေးချေ၍ ‘ရောင်းချသူ’ က ပိုင်ဆိုင်ခွင့်မှာ အမည်ပြောင်းပေးခြင်းကို ‘အရောင်းအ၀ယ်’ ဟု ခေါ်ပါသည် ။ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ‘သာ’ ပြုလုပ်ရမည်ဟု ဥပဒေက အတိအလင်းဆိုပါသည် ။
( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ - ၅၄ )
အိမ်ခြံမြေသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဖြစ်ပါ၍ ရောင်းလျှင် ၊ ပေးလျှင် ၊ စွန့်လွှတ်လျှင် ၊ အမှားပြင်လျှင် ၊ ပိုင်ဆိုင်ကြောင်း ကြေညာလိုလျှင် မှတ်ပုံတင်စာချုပ် စာတမ်းဖြင့်သာ ပြုလုပ်ခွင့်ရှိပါသည်။
( စာချုပ်မှတ်ပုံတင် ဥပဒေ ၁၆ နှင့် ပစ္စည်းလွှဲ ၅၄ - တို့အရ )
အိမ်ခြံမြေ အတွက် မှတ်ပုံတင်စာချုပ်တွင်မြေပုံမြေရာဇ၀င် လိုအပ်ပြီး အရပ်စာချုပ်ဖြင့် ၀ယ်ပြီးနောက် ရက်ပေါင်း (၁၂၀)အတွင်း မှတ်ပုံတင် ချုပ်ဆိုရပါမည် ။
( စာချုပ်မှတ်ပုံတင်ဥပဒေ - ၂၁ )
စာချုပ်မှတ်ပုံမတင်လျှင် အိမ်ခြံမြေပိုင်ဆိုင်မှု တရားမ၀င်ပါ ၊ မွေးစားသားသမီးကိုလည်း အိမ်ခြံမြေ အမွေပေး၍ မရပါ ။ အရပ်ကတိ စာချုပ်တို့သည် တရားရုံးများ၌လည်း တရား၀င် တင်သွင်း၍ မရပါ ။
( စာချုပ်မှတ်ပုံတင်ဥပဒေ - ၄၇ )
စာချုပ်စာတမ်း မှတ်ပုံတင်ထားသော အိမ်ခြံမြေစာချုပ် တို့သည် နှစ် (၁၀၀) ၊ နှစ် (၂၀၀) မက ကြာမြင့်ပါစေ ရုံးလက်ခံကို ပြန်ကြည့်ခွင့်လည်း ရှိပါသည် ။ မိတ္တူပြန်တောင်းခံလို့လည်းရပါသည် ။ ထိုမိတ္တူ Certifited copy က တရား၀င်ပါသည် ။
( စာချုပ်မှတ်ပုံတင်ဥပဒေ ပုဒ်မ -၉၁ )
အသစ်ဆောက်လုပ်ခြင်း ။ အကြီးစားပြင်ဆင်ခြင်း ။ ဘဏ်ငွေချေးခြင်း ။ အရောင်း/အ၀ယ်စာချုပ် ။ အမွေဆက်ခံခွင့်ကြော်ငြာ ။ မြေကွက်ခွဲဝေခြင်းစာချုပ် ။ စွန့်လွှတ်စာချုပ် ။ အပိုင်ပေးစာချုပ် ။ ခြံစည်းရိုးကာရံခြင်း ။ မြေကွက်ခွဲစိပ်ခြင်း ။ အဝီစိတွင်းတူးခြင်း ။ လှူဒါန်းခြင်းစာချုပ် ။ မှတ်တမ်းထားရှိရန် ။ ကျူးလွန်ခြင်းပြမြေပုံ ။ ဌာနဆိုင်ရာတင်ပြရန် ။ အမှားပြင် စာချုပ်ချုပ်ရန် ။ ဌားရမ်းစာချုပ်ချုပ်ရန် ။ အပေါင်စာချုပ်ချုပ်ရန် ။ မြေကွက်လဲလှယ်စာချုပ် ။ မိသားစု စီမံမှုပြုလုပ်ရန် ။ အခွန်လွတ် သာသနာဂရန်လျှောက်ရန် ။ အဆိုပါ ကိစ္စတွေအတွက် ပိုင်ဆိုင်ကြာင်း အထောက်အထား ၊ မှတ်ပုံတင်မိတ္တူ ၊ ဝန်ဆောင်ခတို့ပေး၍ ဌာနမှပုံစံတွင် ပြည့်စုံစွာရေးသွင်းလျှောက်ထားရပါမည် ။
အိမ်ခြံမြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကြီးချုပ်ကြမည်ဆိုလျှင် “အရောင်းအဝယ်ပြုလုပ်ရန် အတွက်သာ” ဆိုသည့်မှတ်ချက်ပါသော သက်တမ်းတစ်နှစ်အတွင်း ရယူထားသည့် မြေပုံမြေရာဇဝင်ကို “မြေရောင်းသူ” က ထုတ်ယူပေးရမည် ဖြစ်ပါသည် ။
(စာချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုခြင်း နှင့် ပတ်သတ်၍)