ကျွန်တော်…လို့ သူ့ကိုယ်သူ သုံးစွဲထားတဲ့ ပန်းပုဆရာလေးဟာ ဇာတ်အဖွင့်မှာ သူ့စိတ်နှလုံးသားအပေါ် လွှမ်းမိုးနိုင်သလောက်အရေးပါသူ မိသားစုဝင်တွေရဲ့ ရွှံ့စေးပန်းပုရုပ်တုတွေကို အချိန်ယူကာ ထုဆစ်နေခဲ့ပါတယ်။
ဒါဟာ သူ့စိတ်နှလုံးရဲ့ အတွင်းထဲမှာ နက်ရှိုင်းစွာအမြစ်တွယ်နေပြီး တရိရိလှိုက်စားနေတဲ့ ဒဏ်ရာအနာတရတွေအတွက် ဖြေပြေရာသက်သာစေမဲ့ ကုထုံးနည်းလမ်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ “ညီ”
က အကြုံပြုခဲ့လေတာ။ တကယ်တော့ ညီဟာလည်း သူ့ အတွက်တော့ မြတ်နိုးနှစ်လိုလွန်းရတဲ့ အနာတရလေး တစ်ခုသာပဲ။
သူ တစ်ခုကံကောင်းခဲ့တာက ပန်းချီ၊ ပန်းပု အနုပညာများမှာ အကလေးရွယ် ငယ်ကတည်းက နှစ်လိုဝင်စားပြီး ပါရမီလည်း ပါခဲ့တာပဲ။ သူ့အနုပညာဟာ သူ့အတွက် ပြေးပုန်းလွတ်မြောက်ရာလည်း ဖြစ်ခဲ့တယ်။ စိတ်ကိုဖွင့်ပေါက်သက်သာစရာလည်း ဖြစ်ခဲ့တယ်။ ပြီး… သူ့ဘဝရပ်တည်ဖို့ လိုအပ်လာတဲ့အခါ စားစရာကျွေးတဲ့၊ နေစရာပေးတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကိုလည်း ဖန်တီးပေးပြန်လေတယ်။
“ကျွန်တော့ဘဝ အခန်းကူး၊ အခန်းဖြတ်မှာ အနုပညာကသာ အသက်ဆက်ပေးထါးတယ်.”.. လို့ ဆိုပြန်တဲ့ ပန်းပုဆရာလေးဟာ
မြေယာပြုပြင်ဥယျာဥ်တည်ဆောက်ရေးလုပ်ငန်းတစ်ခုမှာ ပန်းဥယျာဥ်အလှဆင်ဖို့အတွက် အလှပန်း အိုးမျိုးစုံ၊ ပန်းပုရုပ်မျိုးစုံ၊ ရေပန်းလေးတွေ၊ ရေတံခွန်လေးတွေကို ဖန်တီးရင်း အခုတော့ မိသားစုရုပ်တုတွေကို စိတ်ရှည်လက်ရှည်၊ အသေအချာ စိတ်နှစ်ကာ ထုဆစ်နေမိပြန်ပေါ့။
သူ… ပထမဆုံး ဖန်တီးထုဆစ်ချင်ခဲ့တာက အဖေ့ပုံရိပ်။ ကျားကျားလျားလျား ခိုင်မတ်မာထန်နေတဲ့ စက်ပြင်ဆရာကြီးပေါ့။ ဒါပေမယ့် အဖေ့ကို ပုံဖော်နေလျက်မှာ သူ့အပေါ် နူးညံ့နွေးထွေးသူ၊ ဖျောင်းဖျအားပေးသူ၊ တခါတရံ သူ့အတွက် ရှက်ရွံ့နေတတ်ပြန်သေးသူ အမေ့ကိုသာ စိတ်မျက်စေ့မှာ မြင်ယောင်ကာ လွမ်းလျနေမိပြန်ရဲ့…။ ပြီး… အစ်ကို၊ အစ်မတွေရယ်၊ ပြီးကျတော့ ငယ်သူငယ်ချင်းမလေး ညိုနဲ့အတူ ငယ်ဘဝရဲ့ နာကျင်မှုတွေကိုလည်း သတိရနေပြန်တယ်။
မိသားစုအိမ်ကလေးဆီကနေ နှစ်ကြိမ်တိုင်တိုင် ထွက်ပြေးခဲ့ဖူးသူ ပန်းပုဆရာလေးရဲ့ ဘဝလမ်းမှာ…
သူ့နှယ် ဆင်တူရောင်ကွဲ ဒဏ်ရာတွေနဲ့၊ ဒါပေမယ့် သူမစွမ်းသာတဲ့ အတွေးအယူ၊ အကျင့်အကြံတွေနဲ့ လေးစားချစ်ခင်ဖွယ်ရာ ကိုရင်ငယ်လေးရယ်….။
သူ့ရဲ့အပေါ်ထပ်အခန်းမှာ တိုက်ဆိုင်စွာ ရောက်နေနှင့်သူ အသွေးတူ လူငယ်လေး ဇော်ကြီးရယ်…။
ကလပ်မှာ ဆုံရင်းက ကျွမ်းဝင်မိတဲ့ ရင်ခုန်ဖော် အိပ်ဖန်စောင့်လေးများ..။
ပြီးတော့ ချစ်မက်စဖွယ်ကောင်းပြီး နားလည်တတ်သူ၊ ဒါပေမယ့် ရှေ့တိုးနောက်ငင် စိတ်စရိုက်နဲ့ တွေဝေတတ်သူ ညီရယ်…။
ဇာတ်ကောင်တွေ များပျားလှသည် မဆိုသာပေမယ့် တစ်ယောက်ချင်းစီရဲ့ ဘဝအမြင်တွေ၊ စိတ်အနာတွေနဲ့ သူတို့ရဲ့ အတုံ့အပြန် နည်းဟန်ကိုယ်စီက ဝတ္ထုကို သက်ဝင်ရုန်းကြွနေစေပြန်ပေါ့။ ပြီး…
“ရိုးသားတဲ့ လမ်းကို လျှောက်တယ်။ ဘယ်သူ့ကိုမှ မညာဘူး။ စိတ်ရှင်းသန့်မှုကို ဘာနဲ့မှ မလဲနိုင်ဘူး”
ဒီလိုအတွေးနဲ့ လှမ်းနေဆဲ ခြေလှမ်းများစွာ။
ဆရာမဟာ သူ့အသက်မွေးဝမ်းကျောင်းနယ်ပယ်နဲ့ ထိစပ်နှီးနွယ်ရာ ပန်းပုအနုပညာ အနက်အရှိုင်းကိုလည်း လှစ်ခနဲမက ဖွင့်ဆိုပြနိုင်ရဲ့။ ဂေးလ် လူငယ်လေးတွေ ကျင်လည်ရာနယ်ပယ်၊ သူတို့ရဲ့ အတွေးတွေ၊ အကွေ့အဝိုက်၊ အထိအတိုက်များသော ခရီးလမ်းမများ အကြောင်းကို စေ့စေ့ငုငု ပြနိုင်ခဲ့သေးရဲ့။ ပြီး.. ဘာသာရေးစာတချို့ကိုပါ မချန်မလှပ် ဆက်စပ်တွေးမြင်ပြသွားခဲ့ပါသေး။
The beautiful boxer ထိုင်းရုပ်ရှင်ကို ကြိုက်ငြိဖူး၊ ဆရာမနုနုရည် (အင်းဝ)ရဲ့ ပြုံး၍လည်း ကန့်တော့ခံတော်မူပါ…. ကို စွဲငြိဖူးရင် ဆရာမမယ့်ကိုးရဲ့ အရေးပေါ်အခန်းထဲမှာ… ကိုလည်း ဖတ်ဖူးသူတိုင်း မှတ်မှတ်ထင်ထင် ရှိနေကြလိမ့်မှာ…

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။